ဝမ်းလျှောတဲ့အခါ ဝမ်းပိတ်ဆေး အမြဲသောက်သင့်လား
တစ်ရက်ကို ဝမ်းသွားတာ ၃ ကြိမ်ထက်ပိုမယ်၊ ဝမ်းအရောင်နဲ့ ဝမ်းရဲ့ ပုံစံအနေအထားတွေ ပြောင်းလဲနေမယ်ဆိုရင် ဝမ်းလျှောတယ်၊ ဝမ်းပျက်တယ်လို့ အကြမ်းဖျဉ်းအားဖြင့် သတ်မှတ်လေ့ရှိပါတယ်။
ဝမ်းလျှောတဲ့အခါမှာ အများစုက ဆေးဆိုင်ကနေ ဝမ်းပိတ်ဆေးကို အလွယ်တကူ ဝယ်သောက်တာက အန္တရာယ်ရှိနိုင်လား? ဘာဆိုးကျိုးတွေရှိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။
ဝမ်းပိတ်ဆေးရဲ့ အာနိသင်ကတော့ အစာအိမ်အူလမ်းကြောင်းကနေ ဝမ်းအဖြစ်သွားမယ့် အရာတွေ၊ အထူးသဖြင့် အရည်တွေကို အူလမ်းကြောင်းကနေ ပြန်ဆွဲယူထားနိုင်တာကြောင့် ဝမ်းလျှောတာနဲ့ ဝမ်းသွားတာကို အမြန် သက်သာစေပါတယ်။
ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတာလဲ ရှိသလို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှ သောက်သုံးရတဲ့ ဝမ်းပိတ်ဆေးတွေလဲ ရှိပါတယ်။ အသုံးများတဲ့ ဝမ်းပိတ်ဆေးတွေကတော့ Loperamide ၊ Bismuth Subsalicylate နဲ့ Atropine/Diphenoxylate တို့ဖြစ်ပါတယ်။
ဝမ်းပိတ်ဆေးတွေက သူ့ရဲ့ အာနိသင်အရ ဝမ်းသွားခြင်းကို တားဆီးထားနိုင်လို့ ဝမ်းရပ်သွားနိုင်ပေမယ့် ဝမ်းလျှောခြင်းရဲ့ အဓိကအကြောင်းရင်းကိုတော့ မကုသနိုင်ပါဘူး။
အစားမှားလို့၊ ရေမသန့်လို့ ဘက်တီးရီးယားပိုးတွေကြောင့် ဝမ်းလျှောတာ ဖြစ်နိုင်သလို တချို့သော ရောဂါတွေကြောင့်လဲ ဝမ်းလျှောခြင်းကို လက္ခဏာတစ်ခုအနေနဲ့ ခံစားရတာလဲ ရှိနိုင်ပါတယ်။
ဥပမာ- IBD (Inflammable Bowel Disease) လိုမျိုး ရောဂါမျိုးကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်းမှာ ဝမ်းပိတ်ဆေးသောက်ရင်တော့ ရောဂါကို ပိုဆိုးစေနိုင်တာကို တွေ့ရပါတယ်။
ဒါဆိုရင် ဝမ်းသွားတဲ့အခါ ဘယ်လိုကုသနိုင်မလဲ?
ဝမ်းလျှောရတဲ့ အကြောင်းရင်းကို ကုသဖို့လိုပါတယ်။ တကယ်လို့ ရောဂါပိုးဝင်လို့ ဝမ်းလျှောတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်အရ ပိုးသတ်ဆေးသောက်ဖို့ လိုအပ်တာလဲ ရှိနိုင်ပါတယ်။
အရေးကြီးတာက ဝမ်းသွားတဲ့အခါမှာ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓါတ်ဆားကို ပြန်ပြီး ဖြည့်စွက်ပေးဖို့ လိုပါတယ်။ ဒါ့ကြောင့် ဓါတ်ဆားရည် ပြန်သောက်ပေးတာ၊ ရေနဲ့ အရည်ကို များများသောက်ပေးတာမျိုး လိုသလို လိုအပ်ခဲ့ရင် Probiotic လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက် ကောင်းစေတဲ့ ဘက်တီးရီးယားလေးတွေကို ပြန်ဖြည့်ပေးနိုင်ပါတယ်။
ဝမ်းလျှောတဲ့အခါ ဝမ်းပိတ်ဆေးကို တစ်ခါတစ်ရံ သောက်ဖို့ လိုအပ်တာရှိနိုင်ပေမယ့် အမြဲတမ်းအတွက်တော့ သောက်ဖို့ မလိုသလို… တစ်ခါတစ်ရံမှာ ဝမ်းပိတ်ဆေးကြောင့် ပိုပြီး ခံစားရတာမျိုးလဲ ရှိနိုင်ပါတယ်။
တကယ်လို့ ဝမ်းသွားခြင်းနဲ့ အတူတူ ဖျားနာတာ၊ ဗိုက်အောင့်တာ၊ ဝမ်းမှာ သွေးနဲ့ အကျိအချွဲတွေပါတာ၊ ရင်ပူတာ စတဲ့ လက္ခဏာတွေရှိမယ်၊ ဝမ်းလျှောတာ အချိန်ကြာနေပြီဆိုရင်တော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သေချာ စစ်ဆေး၊ စမ်းသပ်မှုတွေလုပ်ပြီး ကုသမှု ခံယူသင့်ပါတယ်ဆိုတဲ့အကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)